၂၀၂၁ မှာ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခု (နှိုင်းယှဉ်ပြခြင်း) - အပိုင်း ၁

CMS သုံးပြီး ဝဘ်ဆိုဒ်ရေးဖို့ စဉ်းစားနေသလား။ 

CMS (Content Management System) ဆိုတာဟာ Code တစ်ကြောင်းမှ နားလည်စရာမလိုဘဲ ဝဘ်ဆိုဒ်တစ်ခုကို အလွယ်တကူ ရေးနိုင်တဲ့ ပလက်ဖောင်းပါ။ ကိုယ့်အလိုနဲ့ ရွေးချယ်နိုင်တဲ့ CMS တွေ အများကြီး ရှိနေပါပြီ။

ဒီဆောင်းပါးမှာတော့ ကိုယ်ရေးမယ့်ဝဘ်ဆိုဒ်အတွက် သင့်တော်မှန်ကန်တဲ့ CMS ရွေးချယ်ဖို့ ဘာကြောင့် အရေးကြီးလဲဆိုတာ ရှင်းပြထားပါတယ်။ CMS ပလက်ဖောင်းတွေကို နှိုင်းယှဉ်ပြီး ကိုယ့်အတွက် အကောင်းဆုံး CMS ကို ရွေးချယ်ကြရအောင်။



CMS ပလက်ဖောင်းဆိုတာ ဘာလဲ

အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်ထည့်ချင်တာတွေကို အလွယ်တကူ ထည့်နိုင်အောင် စီစဉ်ပေးထားတဲ့ ပလက်ဖောင်းအမျိုးအစားပါပဲ။

ပုံမှန်ကတော့ ဝဘ်စာမျက်နှာတွေကို HTML, JavaScript နဲ့ CSS စတဲ့ ပရိုဂရမ်းမင်းဘာသာစကားတွေကို ရေးထားတာပါ။ CMS ကို မသုံးဘူးဆိုရင် အဲ့လို့ ဘာသာစကားတွေလေ့လာဖို့နဲ့ Code တွေ အများကြီး ရေးဖို့လိုပါတယ်။

ပရိုဂရမ်းမင်းသင်စရာမလိုဘူး၊ Code ရေးစရာမလိုဘူးဆိုတာ CMS ပါပဲ။

Code ရေးတာကို သိထားတဲ့ သူတွေအတွက်လည်း အဆင်ပြေတဲ့ CMS တွေ ရှိပါတယ်။


ကိုယ့်ဝဘ်ဆိုဒ်အတွက် အကောင်းဆုံး CMS ပလက်ဖောင်းကို ဘယ်လိုရွေးမလဲ

CMS တွေတော့ အများကြီးပဲ။ ဘယ်ဟာကို ရွေးမလဲ။ နှိုင်းယှဉ်ပြီး မရွေးခင်မှာ CMS သုံးတာ ဘာတွေကောင်းလဲဆိုတာ ကြည့်ကြရအောင်ပါ။


😉 သုံးရတာ မခက်ဘူး

ကိုယ့်ထည့်ချင်တာတွေကို အလွယ်တကူ ထည့်နိုင်မယ့်/တည်းဖြတ်နိုင်မယ်။ ဆွဲထည့်နေရုံပဲ အပြင်အဆင်မျိုး လုပ်ထားတယ်။  စာမျက်နှာတစ်ခုချင်းဆီကို ဘာလေးတွေထည့်မယ်၊ ဘယ်လိုပုံစံလေးလုပ်ထားမယ်။ အေးဆေးပဲ။

ဝဘ်ဆိုဒ်ရေးပြီး တင်လိုက်ပြီးတဲ့နောက်မှာလည်း စိတ်ကြိုက် အမြန်ပြန်ပြင်နေလို့ရတယ်။


😉 ရွေးလို့ရတဲ့ ဒီဇိုင်း/အနေအထားများ

ရွေးလို့ရတဲ့ ယူလို့ရတဲ့ ဝဘ်ဆိုဒ်နမူလေးတွေမှ အများကြီးပဲ။ စိတ်ကူးရှိရင် ရှိသလောက် ထည့်နေ/ပြင်နေလို့ ရတယ်။ (Code တစ်ကြောင်းမှ ရေးစရာ မလိုဘူးနော်)


😉 ဒေတာ/အချက်အလက် ရွှေ့ပြောင်းနိုင်မှု

ကောင်းမွန်တဲ့ CMS ပလက်ဖောင်းတစ်ခုမှာ သင့်ဒေတာတွေကို အလွယ်တကူ ရွှေ့မလား၊ ထည့်မလား ဆိုတဲ့ tool တွေ ပါပြီးသားပါ။

ဥပမာ တစ်ခြားပလက်ဖောင်းတစ်ခုကို ပြောင်းသုံးမယ်၊ တစ်ခြား hosting ကို ပြောင်းရွှေ့မယ် ဆိုတာမျိုးပေါ့။ ပါလာတဲ့ tool နဲ့ အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါတယ်။


😉 Extension နဲ့ Addon တွေ

ဝဘ်ဆိုဒ်အမျိုးအစားတွေက တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ အမျိုးအစားအားလုံးအတွက်  အဆင်ပြေတဲ့ CMS ပလက်ဖောင်းဆိုတာလည်း မရှိပါဘူး။

အဲ့ပြဿနာတွေကို Extension နဲ့ Addon တွေက ဖြေရှင်းနိုင်ပါတယ်။ လိုအပ်ရင် ကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက်လေးတွေ ရနိုင်ဖို့ install လုပ်ပြီးထည့်နိုင်တဲ့ သီးခြားဆော့ဖ်ဝဲတွေ အများကြီးရှိပါတယ်။ သင့် CMS ပလက်ဖောင်းအတွက် Application လေးတွေလို့ သဘောထားလိုက်ပါ။


😉 မလုပ်တတ်မကိုင်တတ်တာလေးတွေ ဖြေရှင်းပေးမယ်

ဝဘ်ဆိုဒ်ကို တန်းရေးဖို့ CMS ကို သုံးတယ်ဆိုပေမယ့် သိချင်တာလေးတွေ/လုပ်ချင်တာလေးတွေ ရှိမှာပေါ့။ ကူညီပေးမယ့်/အဖြေပေးမယ့် နေရာလေးတွေ ရှိပါတယ်။

CMS တွေက အသင့်ပြင်ထားတဲ့ မေးခွန်းလေးတွေနဲ့ အဖြေလေးတွေ စုပေးထားပါတယ်။ Customer Service လည်း ရှိပါတယ် (အဖြေပြန်ရဖို့တော့ နည်းနည်းတော့ ကြာတာပေ့ါ)။ ဒီ CMS ကိုပဲ ကိုယ်နဲ့အတူ အခြားသူတွေပါစုပြီး သုံးနေကြတယ်ဆိုတဲ့ ၂၄ နာရီ အပြန်အလှန်ကူညီပေးနေကြတဲ့ အသိုင်းအဝိုင်းကြီးလည်း ရှိပြီးသားပါ။


🧐 ဘယ်လောက် ပေးရမလဲ

တစ်ချို့ CMS တွေကတော့ လုံးဝ free ပါပဲ။ ကျန်တာတွေကတော့ လစဉ် ပိုက်ဆံပေးရပါတယ်။ CMS ကို အလကားသုံးလို့ရတယ်ဆိုရင်တောင် extension တွေ၊ ဒီဇိုင်းအသွင်အပြင်တွေနဲ့ hosting အတွက် ပေးရတာတွေ ရှိပါတယ်။

CMS တစ်ခုခု မရွေးခင် စျေးနှုန်းတွေကို သေချာ နှိုင်းယှဉ်ကြည့်ပါ။

ကဲ... အနည်းအကျဉ်း ရှင်းပြပြီးပြီဆိုတော့ အကောင်းဆုံး CMS ပလက်ဖောင်း ၁၅ ခုကို နှိုင်းယှဉ်ကြည့်ကြရအောင်။ 😎


မူရင်းအတိုင်း ဖတ်ရှုရန်


ဘကြီးဖြိုး ပြန်ဆိုသည်။

မတ် ၃၁၊ ၂၀၂၁

 

Comments