၂၀၂၁ မှာ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခု (နှိုင်းယှဉ်ပြခြင်း) - အပိုင်း ၄
အပိုင်း ၁ နဲ့ ၂ မှာ ၂၀၂၁ ရဲ့ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခုထဲက ပထမ ၁၀ ခုကို အားသာချက်၊ အားနည်းချက်တွေနဲ့ စျေးနှုန်းတွေကို နှိုင်းယှဉ်ပြခဲ့ပါတယ်။ ကျန်တဲ့ ၅ ခုကို အပိုင်း ၄ (နောက်ဆုံးအပိုင်း) နဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ရေးချင်နေတဲ့ ဝဘ်ဆိုဒ်ပုံစံမျိုးကို ဒီ ၅ ခုက လုပ်ပေးနိုင်မလား ကြည့်,ကြည့်ကြရအောင်…
1️⃣1️⃣ Textpattern
Textpattern ဟာ ရိုးရှင်းတယ်၊ လွယ်ကူတယ်။ ၂၀၀၃ ခုနှစ်ကတည်းက ရှိလာခဲ့တဲ့ ပလက်ဖောင်းပါ။ သူကလည်း open source ပါ။ စသုံးမယ်ဆို ဘယ်လိုသုံးရမလဲဆိုတဲ့နည်းတွေ ပြထားပါတယ်။
⬛ အားသာချက်များ
- လုံးဝ free သုံးလို့ရတဲ့ plugin တွေ၊ template တွေ အများကြီး ပေးထားတယ်။
- ထည့်ချင်တာတွေကို စိတ်ကြိုက်တည်ဆောက်လို့ရတယ်။ Section တွေ၊ category တွေ သုံးပြီး သပ်သပ်ရပ်ရပ် ဖွဲ့စည်းတည်ဆောက်လို့ရတယ်။ ကိုယ်တင်နေတာတွေရဲ့ တစ်စိတ်တစ်ပိုင်းကို စာဖတ်သူတွေအနေနဲ့ subscribe လုပ်ထားလို့ရတယ်။ Subscribe လုပ်ထားတဲ့ အရာကို အလိုအလျောက် အမြဲ update လုပ်ပေးတယ်။
⬛ အားနည်းချက်များ
- Textpattern ကို hosting ပေးတဲ့ဝဘ်ဆိုဒ် များများစားစား မရှိပါဘူး။ Hosting ပေးတဲ့ ဝဘ်ဆိုဒ်မှာ install လုပ်ရတာ မခက်ပေမယ့် ကိုယ်ပိုင် database ဆောက်တတ်ရမယ်၊ FTP နည်းပညာကိုသုံးပြီးလည်း တင်တတ်ရမယ်။
- WordPress လို ပလက်ဖောင်းမျိုးတွေနဲ့ လုံးဝနှိုင်းယှဉ်လို့ မရလောက်အောင် Textpattern က လူသိ တော်တော်နည်းပါတယ်။ Textpattern ကို ကိုင်တွယ်တတ်တဲ့ စာရေးဆရာတွေ ဒါမှမဟုတ် developer တွေကို ငှားဖို့/ရှာဖို့ အခက်ကြုံရနိုင်ပါတယ်။
⬛ ဈေးနှုန်း
Domain name နဲ့ hosting ကလွဲရင် ပလက်ဖောင်းကို လုံးဝ free သုံးလို့ရပါတယ်။)
▪ ▪ ▪ ▪ ▪ ▪ ▪ ▪
1️⃣2️⃣ Blogger
Blogger ဟာ ၁၉၉၉ ကတည်းက ခေတ်စားနေခဲ့တာပါ။ နာမည်ကြားလိုက်တာနဲ့ ဘလော့ဂ်တွေအတွက် သီးသန့်လုပ်ထားတာတဲ့ CMS ပလက်ဖောင်းမှန်း သတိထားမိမှာပါ။ Google ရဲ့ free service တစ်ခုပါ။
Domain name မှာ blogspot ဆိုတဲ့ နာမည် ပါနေမှာပါ။ မပါချင်ရင်လည်း ဖြုတ်လို့ရတဲ့ နည်းလမ်း ရှိပါတယ်။ (ပိုက်ဆံပေးရမှာပါ)
ကိုယ့်ဆိုဒ်ကို Blogger ကနေ WordPress ကို ပြောင်းချင်လည်း ရပါတယ်။
⬛ အားသာချက်များ
- စသုံးရတာ လွယ်တယ်။ မိနစ်ပိုင်းအတွင်း ဘလော့ဂ်တစ်ခုကို တင်လို့ရတယ်။ ဘလော့ဂ်ရေးဖို့နဲ့ တင်ဖို့ လုပ်ထားတဲ့အပြင်အဆင်က အရမ်းအဆင်ပြေတယ်။
- Contact form နဲ့ ကြော်ငြာတွေ ထည့်တာမျိုးတွေ လုပ်ဖို့ gadget တွေ free သုံးလို့ရတယ်။
- Google က host လုပ်ပေးထားတယ်။ Hosting အတွက် install လုပ်စရာမလိုဘူး၊ update လုပ်စရာမလိုဘူး၊ ပိုက်ဆံပေးစရာလည်း မလိုဘူး။
- သိမ်းဆည်းနိုင်တဲ့ပမာဏ အများကြီးပေးထားတယ်(ဘလော့ဂ်တွေ တင်ဖို့)။ ကိုယ့် blog မှာ ပို့စ်ဘယ်နှခုပဲတင်လို့ရမယ်ဆိုတာ သတ်မှတ်မထားပါဘူး။ ဝဘ်စာမျက်နှာ ၂၀ အထိ ထားလို့ရပါတယ်။ ပုံတွေကို Google Drive မှာ တင်ထားပေးတယ်။ 15Gb ပြည့်တဲ့အထိ free သုံးလို့ရတယ်။
⬛ အားနည်းချက်များ
- ဘလော့ဂ်တွေတင်မယ့်ဝဘ်ဆိုဒ်မဟုတ်ဘူးဆိုရင်တော့ Blogger က သင့်တော်တဲ့ CMS မဟုတ်ပါ။ (E-commerce လိုဟာမျိုးရေးချင်တယ်ဆို အဆင်မပြေပါ)
- Theme တွေကို free ရတယ်ဆိုပေမယ့် အခြေခံလုပ်ဆောင်ချက်တွေပဲ ပါဝင်ပါတယ်။ နည်းနည်းလေး ကစားလို့ရပေမယ့် ကိုယ်ပိုင် theme ပုံစံမျိုး လုပ်မရဘူး။ စိတ်ကြိုက်လုပ်ချင်ရင်တော့ designer ငှားရလိမ့်မယ်။
- Blogger ကနေ WordPress ကို ပြောင်းသုံးမယ်ဆိုရင် စာမျက်နှာတွေကို manual ကူးယူရပါလိမ့်မယ်။
⬛ ဈေးနှုန်း
ကိုယ့်စိတ်ကြိုက် Domain name ဝယ်ရတာကလွဲရင် ကျန်တာ အားလုံး free ပဲ။ (blogspot ပါတဲ့ domain နဲ့ဆိုရင်တော့ ဘာမှကို ပေးစရာ မလိုတော့ပါ)
စိတ်ကြိုက် domain name ရွေးဝယ်မယ်ဆိုရင် Blogger ကနေ မဝယ်ဘဲ “domain registrar” ကနေ ဝယ်ပါ။ ဒါမှ နောက်ပိုင်း အခြားပလက်ဖောင်းပြောင်းသုံးမယ်ဆိုရင် ရွှေ့ရပြောင်းရ အဆင်ပြေမှာပါ။
▪ ▪ ▪ ▪ ▪ ▪ ▪ ▪
1️⃣3️⃣ Bitrix24
Bitrix24 ဟာ စီးပွားရေးလုပ်ငန်းသုံး ပလက်ဖောင်းတစ်ခုပါ။ လုပ်ရမယ့်ဟာတွေ၊ project တွေ၊ အဖွဲ့အစည်းတွင်း ဆက်သွယ်ပြောဆိုမှုတွေ၊ ဖောက်သည်တွေနဲ့ ဆက်ဆံရေး စတာတွေကို လုပ်ပေးပါတယ်။
Basic level ဆိုပြီး လုပ်ငန်းသေးသေးတွေအတွက် လုံလောက်နိုင်မယ့် 5Gb နဲ့ user account ၁၂ ခုစာ free ပေးသုံးထားပါတယ်။ CRM (Customer Relationship Management) ကို သုံးကြည့်ပါ။ အရမ်းကို အဆင်ပြေပါတယ်။
⬛ အားသာချက်များ
- Basic level အတွက် ပိုက်ဆံမပေးရဘူး။
- လုပ်ငန်းကြီးထွားလာရင် ထည့်လို့ရတဲ့ လုပ်ဆောင်ချက်တွေ အများကြီး ရှိတယ်။
- Drag & drop အပြင်အဆင် ပါတယ်။ Landing page တွေနဲ့ e-commerce စတိုးတွေအတွက် ဖန်တီးတဲ့နေရာမှာ အရမ်းအသုံးဝင်တယ်။
- Free Plan သုံးနေရင် hosting ကလည်း free ပါ။
⬛ အားနည်းချက်များ
- Bitrix24 က CRM လိုသုံးဖို့ တည်ဆောက်ထားတာပါ။ ကိုယ်နဲ့ အဆင်ပြေနေတဲ့ CRM တစ်ခု ရှိနေတယ်၊ ဒါမှမဟုတ် CRM ကြီး မလိုချင်ဘူးဆိုရင်တော့ Bitrix24 ကို သုံးဖို့ စဉ်းစားစရာပါ။
- လုပ်လို့ရတာတွေ အများကြီးပါတော့ စသုံးမယ်ဆိုတာနဲ့ မြင်နေရတဲ့ အပြင်အဆင်ကတော့ မျက်စိရှင်းနေမှာတော့ မဟုတ်ပါဘူး။
⬛ ဈေးနှုန်း
Start+ plan က တစ်လကို ၂၄ ဒေါ်လာ ကျပါတယ်။ Professional plan ကတော့ တစ်လကို ၁၉၉ ဒေါ်လာ ကျပါတယ်။ အဲ့နှစ်ခုကြားထဲမှာ ရွေးချယ်စရာတွေ ရှိပါတယ်။ တစ်နှစ်စာ ကြိုသွင်းရင် discount ပေးပါတယ်။
ကိုယ့်အဖွဲ့အစည်းတွင်းပဲ သုံးချင်တယ်၊ လချင်းမပေးချင်ဘူး၊ အွန်လိုင်းရှိမှ သုံးလို့ရတာမျိုး မလုပ်ချင်ဘူးဆိုရင်လည်း ဒေါ်လာ ၁,၄၉၀ ပေးပြီး offline ဝယ်သုံးလို့ရပါတယ်။
▪ ▪ ▪ ▪ ▪ ▪ ▪ ▪
1️⃣4️⃣ TYPO3
TYPO3 ဟာ Blogger ထက် စောပြီး ပေါ်ခဲ့တဲ့ open source CMS ပလက်ဖောင်းပါ။ ၁၉၈၈ ကစပြီး သုံးလို့ရခဲ့တာပါ။ လုပ်ငန်းသုံး CMS ဖြစ်ပါတယ်။ ဝဘ်ဆိုဒ်တွေအပြင် အဖွဲ့အစည်းသုံးဝဘ်ဆိုဒ်တွေ (intranet sites) အတွက် အသုံးဝင်ပါတယ်။
ထပ်တိုးလုပ်ဆောင်ချက်တွေ ထည့်လို့ရတဲ့ extension တွေ အများကြီး ရှိပါတယ်။
⬛ အားသာချက်များ
- ဘာသာစကားတွေအမျိုးမျိုးပြောင်းလဲဖော်ပြပေးနိုင်တဲ့ ဝဘ်ဆိုဒ်လိုမျိုး ဝဘ်ဆိုဒ်အကြီးကြီးတွေကို ကိုင်တွယ်နိုင်တယ်။ နိုင်ငံတကာနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအတွက် ရွေးချယ်စရာပါ။
- Open source ဖြစ်တယ်။ Developer ငှားပြီး ချဲ့တိုးလုပ်ဆောင်နိုင်တယ်။
- ကိုယ့်ဆိုဒ်မှာ role တွေခွဲပြီး တာဝန်အလိုက် နေရာချထားလို့ရတယ်။
- လုပ်ဆောင်ချက်အသစ်တွေ ထည့်ဖို့ extension နဲ့ application တွေ ၆,၀၀၀ ကျော် ရှိတယ်။
⬛ အားနည်းချက်များ
- Theme တွေ အများကြီး မရှိဘူး။ စိတ်ကြိုက်လိုချင်တယ်ဆိုရင် တစ်ယောက်ယောက်ကို ငှားပြီး ဆွဲရလိမ့်မယ်။
- TYPO3 ကို ကိုင်တွယ်ဖို့၊ ရေရှည်ထိန်းသိမ်းစီမံဖို့ နည်းပညာကျွမ်းကျင်အဆင့် တော်တော်လို့ ရှိနေဖို့ လိုတယ်။
▪ ▪ ▪ ▪ ▪ ▪ ▪ ▪
1️⃣5️⃣ PrestaShop
PrestaShop ဟာ open source ဖြစ်တယ်။ E-commerc CMS ပလက်ဖောင်း ဖြစ်တယ်။ Hosting အတွက် ကိုယ့်ဘာသာကိုယ် လိုက်ရှာတင်ရမယ်။ Hosting အတွက် SiteGround ရဲ့ PrestaShop ကို သုံးဖို့ အကြုံပြုချင်ပါတယ်။
⬛ အားသာချက်များ
- PrestaShop ကို သုံးတဲ့ community အကြီးကြီး ရှိတယ်။ PrestaShop က လုပ်တဲ့ လုပ်ပုံကိုင်နည်းတွေမျှဝေပေးတဲ့ အစီအစဉ်တွေ ရှိတယ်၊ အခြားသူတွေ မျှဝေထားတဲ့ အရာတွေလည်း ရှိတယ်။
- Hosting plan မတိုးဘူးဆိုရင် လုပ်ငန်းကြီးလာလည်း ပိုက်ဆံထပ်ပေးစရာ မလိုဘူး။
- PrestaShop module တွေ အများကြီး ရှိတယ်၊ လုပ်ဆောင်ချက်အသစ်တွေ အလွယ်တကူ ထပ်ထည့်လို့ရတယ်။
- ဈေးသက်သာတဲ့ shared hosting plan သုံးမယ်ဆိုရင် PrestaShop ကို သုံးရတာ ပိုက်ဆံ သိပ်မကုန်ပါဘူး။
⬛ အားနည်းချက်များ
- PrestaShop ကို သုံးဖို့ နည်းပညာကျွမ်းကျင်မှု အနည်းအကျဉ်းနဲ့တော့ မရဘူး။
- Theme တွေ အများကြီး ရွေးလို့ရတာတော့ မှန်တယ်။ ဒါပေမယ့် တော်တော်များများက သိပ်မကောင်းဘူး။ ကိုယ့်ဆိုဒ်အတွက် အဆင်ပြေမယ့် theme ကို ရွေးဖို့ အချိန်တော်တော် ယူရမယ်။
⬛ ဈေးနှုန်း
Hosting နဲ့ domain name အတွက် ပေးရတာကလွဲရင် ပလက်ဖောင်းကို free သုံးလို့ရပါတယ်။ PrestaShop Addons Marketplace မှာ ရနိုင်တဲ့ module တွေနဲ့ theme တွေ ပိုများလာနိုင်ပါတယ်။ တော်တော်များများကတော့ ၅၉.၉၉ ဒေါ်လာက စပါတယ်။
ကဲ…. ဆောင်းပါး ၄ ခုကို ဖတ်ပြီး ၂၀၂၁ ရဲ့ အကောင်းဆုံး CMS ပလက်ဖောင်းတွေကို လေ့လာခဲ့ပြီးပြီလို့ ထင်ပါတယ်။ ကိုယ်ရေးချင်နေတဲ့ ဝဘ်ဆိုဒ်ပုံစံကို ဒီ ၁၅ ခုထဲက သေချာရွေးချယ်ပြီး လက်စွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဘကြီးဖြိုး ပြန်ဆိုသည်။
ဇွန် ၃၊ ၂၀၂၁

Comments
Post a Comment