၂၀၂၁ မှာ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခု (နှိုင်းယှဉ်ပြခြင်း) - အပိုင်း ၂
အပိုင်း ၁ မှာ CMS အကြောင်း အနည်းအကျဉ်း ရှင်းပြခဲ့ပါတယ်။ အပိုင်း ၂ မှာတော့ ၂၀၂၁ ရဲ့ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခုထဲက ပထမဆုံး ၅ ခုကို အားသာချက်၊ အားနည်းချက်တွေနဲ့ စျေးနှုန်းတွေကို နှိုင်းယှဉ်ပြသွားပါမယ်။ ကိုယ်နဲ့ အဆင်အပြေမယ့် CMS ကို လေ့လာပြီး ရွေးကြရအောင်…
1️⃣ WordPress.org
WordPress.org ကတော့ အကောင်းဆုံး CMS တွေထဲမှ အမှတ်စဉ်အနေနဲ့ နံပါတ်တစ်လို့ ပေးပါရစေ။ ကမ္ဘာမှာ အကောင်းဆုံး CMS ဆော့ဖ်ဝဲပါ။ အင်တာနက်ပေါ်မှာရှိတဲ့ ဝဘ်ဆိုဒ် ၃၅ ရာခိုင်နှုန်းကို WordPress.org နဲ့ လုပ်ထားတာပါ။
WordPress.org နဲ့ WordPress.com ကို ရှုပ်ထွေးမသွားဖို့ သတိပေးပါရစေ။ WordPress.org ကို အစပထမတော့ ဘလော့ဂ်တွေရေးဖို့ အတွက် ရည်ရွယ်ခဲ့တာပါ။ အခုတော့ အွန်လိုင်းစတိုးတွေ အပါအဝင် ဝဘ်ဆိုဒ်အမျိုးအစားတော်တော်က WordPress.org ကို သုံးနေကြပါပြီ။ WordPress.com ကတော့ ရေးထားတဲ့ ဘလော့ဂ်တွေကို host တင်ထားဖို့ သုံးတဲ့ ပလက်ဖောင်းပါ။
သူတို့ နှစ်ခုကြားက ကွာခြားချက်ကို သိချင်ရင် WordPress.org နဲ့ WordPress.com တို့ထဲ ဝင်ကြည့်ပါ။
ဒီဆောင်းပါးမှာ WordPress လို့ဆိုရင် WordPress.org ကို ရည်ညွှန်းတယ်လို့ မှတ်ထားပေးပါ။
WordPress နဲ့ ရေးထားတဲ့ ဝဘ်ဆိုဒ်ကို host တင်ဖို့အတွက် WordPress မှာ ကိုယ်အဆင်ပြေတဲ့ Hosting ကို ရွေးရပါမယ်။
⬛ အားသာချက်များ
အွန်လိုင်းစတိုးတွေ၊ လေလံဆိုဒ်တွေ၊ မန်ဘာဆိုဒ်တွေ စသဖြင့် ဝဘ်ဆိုဒ်အမျိုးအစားပေါင်းစုံကို စိတ်ကြိုက် ရေးလို့/ဖန်တီးလို့ ရတယ်။
နည်းပညာကျွမ်းကျင်မှုတွေ Coding ဗဟုသုတတွေ ရှိစရာ မလိုဘူး။ WordPress ရဲ့ Block Editor နဲ့
ရေးချင်တဲ့/ဖန်တီးချင်တဲ့ ဝဘ်ဆိုဒ်စာမျက်နှာတွေကို လန်းနေအောင် လုပ်လို့ရတယ်။
WordPress နဲ့ ရေးထားတဲ့ဝဘ်ဆိုဒ်ကနေ စိတ်ကြိုက် ပိုက်ဆံရှာလို့ရတယ်။
Free ရတဲ့ theme တွေ plugin တွေမှ အများကြီးပဲ။ ပိုက်ဆံပေးရတာတွေလည်း ရှိပါတယ်။ Contact Form တွေ Photo Gallery တွေလိုမျိုး ကိုယ့်ဝဘ်ဆိုဒ်အတွက် လိုအပ်တာတွေ ထပ်ထည့်လို့ရတယ်။
WordPress ဟာ SEO (Search Engine Optimization) အတွက် သေသေချာချာ လုပ်ထားပါတယ်။ (ဥပမာ တစ်ယောက်ယောက်က ကိုယ့်ဝဘ်ဆိုဒ်မှာ တင်ထားတာမျိုး လိုက်ရှာနေရင် result တွေရဲ့ ထိပ်ဆုံးတွေမှာ ကိုယ့်ဝဘ်ဆိုဒ်ကို ပေါ်နေအောင် လုပ်ထားတာပါ။) SEO အတွက် အဆင်ပြေတဲ့ URL တွေ၊ Category တွေ၊ Tag တွေ အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ လူဝင်ကြည့်များတာများစေချင်ရင် SEO plugin တွေလည်း ရှိပါတယ်။
Open Source ဖြစ်တဲ့အတွက် ကိုယ့်လိုမျိုး WordPress သုံးနေကြတဲ့သူတွေရဲ့ community အကြီးကြီး ရှိပါတယ်။ သိချင်တာ ရှိလာရင် ဝင်မေးလိုက်ရုံပဲ။
အခုမှ စရေးမယ့်သူတွေအတွက်ရော Developer တွေ အတွက်ပါ စိတ်ကူးရှိသလောက်၊ ကျွမ်းကျင်သလောက် ချဲ့ကားလုပ်နိုင်ပါတယ်။
နောင်တစ်ချိန် တစ်ခြားစနစ်နဲ့ ပြောင်းလုပ်မယ်ဆိုရင်လည်း Data တွေကို XML format နဲ့ download ဆွဲလို့ရပါတယ်။
⬛ အားနည်းချက်များ
Hosting နဲ့ Domain Name ကို ဝယ်ဖို့လိုတယ်။ ကိုယ့်ဝဘ်ဆိုဒ် လုံခြုံရေးနဲ့ Backup လိုမျိုးတွေကို ကိုယ့်သာကိုယ် စီမံခန့်ခွဲရမယ်။
ရွေးစရာတွေ လုပ်လို့ရတာတွေ အများကြီး ရှိနေတာဆိုတော့ စစလုပ်သူတွေအတွက် အနည်းငယ်တော့ မျက်စိရှုပ်သွားနိုင်ပါတယ်။ စစရေးတဲ့သူတွေကတော့ WordPress ရဲ့ Drag & Drop plugin တွေ သုံးကြပါတယ်။
⬛ ဈေးနှုန်း
WordPress ပလက်ဖောင်းကိုတော့ free သုံးလို့ရပါတယ်။ ဒါပေမယ့် Domain Name အတွက် တစ်နှစ်ကို ၉ ဒေါ်လာကနေ ၁၅ ဒေါ်လာဝန်းကျင် ကျပါမယ်။ ပြီးတော့ Hosting အတွက် တစ်လကို ၈ ဒေါ်လာလောက်ကျမယ့် Hosting Accout ဝယ်ရပါမယ်။
နောက်ထပ် ရွေးနိုင်တာတစ်ခုကတော့ Domain ရော SSL ပါ ပါတဲ့ တစ်လကို ၂.၇၅ ဒေါ်လာပဲ ကျတဲ့ Bluehost ဆိုတာ WordPress မှာ ရှိပါတယ်။
▪ ▪ ▪ ▪ ▪ ▪ ▪ ▪
2️⃣ Joomla
Joomla ဟာ ရေပန်းအစားဆုံး CMS တွေထဲက တစ်ခုပါ။ မတူတဲ့ template တွေ၊ extension တွေ အများကြီး ရွေးလို့ရပါတယ်။ Hosting နဲ့ Domain Name တွေကလွဲရင် ပလက်ဖောင်းကို free သုံးလို့ရတယ်။
ဘိုးအေကြီး WordPress လိုပဲ ၂၀၀၅ ခုနှစ်ကတည်းက ရှိခဲ့တာပါ။ Hosting အတွက် အလွယ်တကူ တင်လို့ရတဲ့ Hosting ဝန်ဆောင်မှုနေရာတွေ အများကြီး ရှိပါတယ်။ Joomla မှာ လုပ်လို့ရတာတွေ အများကြီးပါတော့ Developer တွေနဲ့ တောက်လျှောက်ဝဘ်ဆိုဒ်ရေးခဲ့တဲ့သူတွေကလွဲရင် စပြီးသုံးမယ့်သူတွေအတွက် အရမ်းအဆင်ပြေတဲ့ ပလက်ဖောင်းတစ်ခုတော့ မဟုတ်ပါဘူး။
⬛ အားသာချက်များ
Joomla မှာ ဖန်တီးလို့ရတာတွေ၊ ရွေးစရာတွေ အများကြီး ရှိပါတယ်။ ပေါ့ပေါ့ပါးပါးမဟုတ်တဲ့ ဝဘ်ဆိုဒ်မျိုးကို ရေးချင်ရင်၊ customer လိုချင်တဲ့ ဝဘ်ဆိုဒ်မျိုးရေးချင်တယ်ဆိုရင် Joomla ကို ရွေးပါ။
အထူးသဖြင့် Developer တွေအတွက် ရည်ရွယ်တယ်ဆိုပေမယ့်လည်း code တစ်ကြောင်းမှ ရေးစရာမလိုဘဲ ဖန်တီးနိုင်ပါတယ်။ ထည့်ချင်တဲ့အရာတွေကို အလွယ်တကူ ထည့်နိုင်/တည်းဖြတ်နိုင်ပါတယ်။
WordPress လိုပဲ open source ဖြစ်တဲ့အတွက် အခက်အခဲရှိရင် ကူညီကြမယ့် community တွေ အများကြီး ရှိပါတယ်။
E-commerce အတွက် လုပ်လို့ရတာတွေ အများကြီးပါလို့ Joomla နဲ့ e-commerce ဝဘ်ဆိုဒ်တွေ ရေးနိုင်ပါတယ်။
⬛ အားနည်းချက်များ
Joomla ပရိသတ်တွေတောင် သုံးရတာ နည်းနည်းရှုပ်တယ်လို့ ဝန်ခံကြပါလိမ့်မယ်။ ကိုယ် ဘယ်လိုပုံစံလိုချင်လဲပေါ်မူတည်ပြီး ဆွေးနွေးတိုင်ပင်ဖို့ Developer ကိုတော့ အကူအညီတောင်းရနိုင်ပါတယ်။
ရွေးစရာ Extension တွေ များများစားစား မရှိပါဘူး။ WordPress ရဲ့ theme တွေ plugin တွေ သုံးနေကျသူတွေအတွက် Joomla ကို သိပ်ကြိုက်မှာ မဟုတ်ပါဘူး။
တစ်ခြား extension တွေ module တွေ ထည့်မယ်ဆိုရင် မကိုက်လို့ ခေါင်းနည်းနည်း ကိုက်နိုင်ပါတယ်။
⬛ ဈေးနှုန်း
Domin Name နဲ့ Hosting အတွက် အခကြေးငွေ ပေးရပါမယ်။ ပလက်ဖောင်းကိုတော့ free သုံးလို့ ရပါတယ်။ Joomla ဝဘ်ဆိုဒ်တွေအတွက် Hosting အတွက်ရွေးမယ်ဆိုရင် လွယ်ကူအဆင်ပြေတဲ့ အပြင်အဆင်တွေလုပ်ပေးထားတဲ့ SiteGround ကို ရွေးသင့်ပါတယ်။
ကိုယ့်ဝဘ်ဆိုဒ်ထဲ ထပ်ထည့်ချင်တာတွေရှိရင် ပိုက်ဆံထပ်ပေးရပါတယ်။ ကိုယ်ရေးတဲ့ဝဘ်ဆိုဒ်ရဖို့အတွက် Joomla ကို သုံးမယ်ဆိုရင် Developer ငှားဖို့အတွက် ငှားခပါ ထည့်တွက်ထားရပါမယ်။
▪ ▪ ▪ ▪ ▪ ▪ ▪ ▪
3️⃣ Drupal
Open Source ပလက်ဖောင်းတစ်ခုပါပဲ။ The Economist လို ဝဘ်ဆိုဒ်ကြီးတွေ၊ တက္ကသိုလ်တော်တော်များများရဲ့ ဝဘ်ဆိုဒ်တွေကို Drupal ပလက်ဖောင်းနဲ့ ရေးထားတာပါ။
Developer တွေအတွက်၊ Developer ငှားပြီး ဝဘ်ဆိုဒ်ရေးမယ့်သူဆိုရင် Drupal ကို ရွေးလိုက်ပါ။ အချက်အလက်တွေအများကြီး ကိုင်တွယ်ရမယ့်၊ စီမံခန့်ခွဲရမယ့် အဆင့်မြင့် ဝဘ်ဆိုဒ်တွေအတွက်ဆို အရမ်းကောင်းတဲ့ ပလက်ဖောင်းပါ။
Drupal နဲ့ ရေးတားတဲ့ ဝဘ်ဆိုဒ်ကို SiteGround မှာ host တင်ထားလို့ရပါတယ်။ SiteGround မှာဆို အလွယ်တကူ တင်လို့ရမယ်။ ရှိပြီးသား Drupal ဝဘ်ဆိုဒ်ကို ရွှေ့ထားလို့တောင် ရပါတယ်။
⬛ အားသာချက်များ
ထည့်ချင်တာတွေ အလွယ်တကူ ထည့်လို့ရတယ်။ ဘယ်လိုပုံစံထည့်ချင်လဲ ရွေးစရာတွေ အများကြီး ရှိတယ်။
WordPress လို ရွေးချယ်ထည့်စရာ plugin တွေ အများကြီး ရှိပါတယ်။
Joomla နဲ့ WordPress တို့လို လူသိများတဲ့ ပလက်ဖောင်းဖြစ်တဲ့အတွက် Drupal အတွက် အပြန်အလှန်ကူညီပေးနေကြတဲ့ community တွေ အများကြီး ရှိပါတယ်။
ဝဘ်ဆိုဒ်ကို ကိုင်မယ့်သူတွေအတွက် role တွေပေးရတာလည်း လွယ်ကူပါတယ်။
⬛ အားနည်းချက်များ
ဝဘ်ဆိုဒ်ရဲ့အသွင်အပြင်နဲ့ တစ်ခြားလိုအပ်တာတွေ ထပ်ထည့်ဖို့ လုပ်တဲ့အခါ/ပြင်တဲ့အခါ နည်းနည်းတော့ လည်နိုင်ပါတယ်။ အခုမှစရေးမယ့်သူတွေအတွက် အလွယ်တကူ စရေးနိုင်တဲ့ WordPress လိုမျိုးပလက်ဖောင်းတော့ မဟုတ်ဘူး။
ရယူနိုင်တဲ့ theme တော်တော်များများက Developer ကြီးတွေ ရေးဆွဲထားတာဆိုတော့ ဈေးအရမ်းကြီးတယ်။
▪ ▪ ▪ ▪ ▪ ▪ ▪ ▪
4️⃣ WooCommerce
E-commerce ဝဘ်ဆိုဒ်တွေ ရေးတဲ့နေရာမှာ WooCommerce ပလက်ဖောင်းက နာမည်ကြီးပါတယ်။ ပြောင်းလွယ်ပြင်လွယ်ရှိတာနဲ့ စီမံခန့်ခွဲရတာ မခက်ပါဘူး
CMS ပလက်ဖောင်းတွေထဲမှာ နည်းပညာအရတော့ အဆင့်မမြင့်ပါဘူး။ WooCommerce ဟာ WordPress မှာ plugin နေရာမှာ install လုပ်ပြီးသုံးရတာပါ။
W3Techs ရဲ့ အပြောအရ WooCommerce မှာ CMS ပလက်ဖောင်းသာ ဖြစ်ခဲ့ရင် ဝဘ်ဆိုဒ်တွေရဲ့ ၅.၈ ရာခိုင်နှုန်းကို နေရာယူထားမှာပါ တဲ့။ အဲ့ပမာဏဟာ တစ်ကမ္ဘာလုံးမှာ WooCommerce plugin ကို သုံးတဲ့ပမာဏပါ။
⬛ အားသာချက်များ
WooCommerce ဟာ free သုံးလို့ရတဲ့ ဆော့ဖ်ဝဲပါ။ စသုံးဖို့ WooCommerce ရဲ့ hosting နဲ့ domain name ရှိဖို့ လိုပါမယ်။
ကိုယ်လိုချင်တဲ့ ပုံစံမျိုး ရနိုင်ဖို့ theme တွေ အများကြီး ရှိပါတယ်။
ကိုယ့်ဝဘ်ဆိုဒ်မှာ ထည့်လို့ရတဲ့ WooCommerce plugin တွေလည်း အများကြီး ရှိပါတယ်။
WooCommerce ကို သုံးပြီး အရာဝတ္ထုတွေအပြင် ဒစ်ဂျယ်တယ်ထွက်ကုန်တွေပါ ရောင်းလို့ရတယ်။ ကိုယ်နဲ့ဆက်စပ်တဲ့ အခြားလုပ်ငန်းစုတွေနဲ့ ချိတ်ဆက် ပြထားလို့ရတယ်။
WooCommerce မှာ in-stock ရှိတဲ့ ပစ္စည်းစာရင်းပေါင်းချုပ်တွေ ကြည့်လို့ရတယ်။
WooCommerce က PayPal နဲ့ Stripe Payment တွေနဲ့ ချိတ်ဆက်ထားတယ်။ Extension နဲ့ add-on တွေ သုံးပြီး အခြား payment စနစ်တွေလည်း ထည့်လို့ရတယ်။
⬛ အားနည်းချက်များ
ရွေးချယ်စရာ ပုံစံတွေ အများကြီး ရှိနေတာမို့ အခုမှ စပြီး ဝဘ်ဆိုဒ်စရေးသူဆို အနည်းငယ် ရှုပ်နိုင်ပါတယ်။
WooCommerce အတွက် သီးသန့်လုပ်ထားတဲ့ theme တွေ သုံးချင်တယ်ဆိုရင်တောင် WooCommerce ဟာ နည်းပညာအရ WordPress ရဲ့ theme တွေနဲ့သာ ချိတ်ဆက်အလုပ်လုပ်ပါတယ်။
⬛ ဈေးနှုန်း
WooCommerce plugin ကတော့ free ပါ။ နောက်ထပ် ထပ်ထည့်ချင်တဲ့ plugin နဲ့ extension တွေအတွက်တော့ ပိုက်ဆံပေးရပါမယ်။
Domain name နဲ့ hosting အတွက်လည်း ပိုက်ဆံပေးရပါမယ်။ Storefront theme ပါလို့ Bluehost က WooCommerce အတွက် အဆင်ပြေပါတယ်။
▪ ▪ ▪ ▪ ▪ ▪ ▪ ▪
5️⃣ Wix
အကန့်အသတ်လေးတွေ ရှိပေမယ့် Wix ကလည်း နာမည်ကြီး CMS ပလက်ဖောင်းတစ်ခုပါ။ စီးပွားရေးလုပ်ငန်းရှင်တွေက Wix ကနေ WordPress ကို ဘယ်လို ရွှေ့လို့ရမလဲ မေးကြပါတယ်။ Wix ထက်စာရင် WordPress က ပိုပြီး ကောင်းလို့ပါ။
Free သုံးလို့ရတော့ အခုမှ စရေးကြည့်မယ့်သူတွေအတွက် Wix ကို ရွေးဖို့ အကြံပေးလို့ရပါတယ်။
⬛ အားသာချက်များ
Wix ရဲ့ darg & drop လုပ်ထားတာလေးက ဘယ်စာမျက်နှာကိုမဆို ကိုယ့်စိတ်ကြိုက် အလွယ်တကူ ပြင်လို့ရ/ဖန်တီးလို့ရတယ်။
ကြိုလုပ်ထားတဲ့ template လေးတွေရှိတော့ စိတ်ကြိုက်ရွေးပြီး edit လုပ်သွားရုံပဲ။ ဖုန်းနဲ့ ကွန်ပျူတာတွေမှာ ကိုယ်လုပ်ထားတဲ့ဝဘ်ဆိုဒ်လေးကိုကြည့်ရတာ အရမ်းကျေနပ်နေမှာပါ။
WordPress ရဲ့ plugin တွေလို Wix App Market ကနေ app တွေ အများကြီးလည်း ယူထည့်လို့ရတယ်။
⬛ အားနည်းချက်များ
Template တစ်ခုရွေးပြီးတာနဲ့ အခြားတစ်ခုနဲ့ ပြန်ပြောင်းလို့မရဘူး။ ကိုယ်ရေးချင်တဲ့ ဝဘ်ဆိုဒ်မျိုး ဖြစ်မနေဘူးဆိုတဲ့ ခံစားချက်မျိုးမရအောင် အစကတည်းကို theme ကို သေချာရွေးရပါတယ်။
ပိုက်ဆံပေးထားတဲ့ plan နဲ့မှမဟုတ်ရင် Wix နဲ့ e-commerce ဝဘ်ဆိုဒ်တွေ ရေးလို့မရဘူး။ နောက်ပြီး Paypal နဲ့ Authorize.net payment ပဲ သုံးလို့ရတယ်။
Data တွေကို အလွယ်တကူ download လုပ်လို့၊ export လုပ်လို့ မရဘူး။ ဘလော့ဂ်တွေကို download လုပ်လို့ ရတယ်။ ဘလော့ဂ်မှာပါတဲ့ ပုံတော့ မရဘူး။ ဝဘ်စာမျက်နှာတွေကိုလည်း copy လုပ်ပြီး paste လုပ်ချင်တဲ့နေရာသွားပြီး ကိုယ့်ဘာသာကိုယ် နေရာသွားချရတယ်။
Free plan သုံးထားရင်တော့ ကိုယ့်ဝဘ်ဆိုဒ်မှာ Wix ရဲ့ domain name ကြီး ပါနေမယ်၊ သူ့ကြော်ငြာတွေ(Wix ရဲ့ ဝင်ငွေကြော်ငြာတွေ)လည်း မြင်နေရမယ်။
⬛ ဈေးနှုန်း
Wix ဆိုတဲ့ စကားလုံးပါတဲ့ domain name နဲ့ သူ့ကြော်ငြာတွေပေါ်နေလည်း အဆင်ပြေတယ်ဆိုရင် Wix က free သုံးခွင့်ပြုထားပါတယ်။ စိတ်ကြိုက်ထားချင်တယ်ဆိုရင် တစ်လကို ၁၃ ဒေါ်လာနဲ့ တစ်နှစ်စာ ကြိုသွင်းရတဲ့ plan က စပြီး plan အမျိုးမျိုး ရှိပါတယ်။
အွန်လိုင်းငွေချေ/ငွေယူစနစ်တွေ ထည့်ချင်တယ်ဆိုရင် တစ်လကို ၂၃ ဒေါ်လာ ပေးဖို့လိုပါတယ်။ တစ်နှစ်စာ ကြိုသွင်းထားလို့လည်း ရပါတယ်။
ဘကြီးဖြိုး ပြန်ဆိုသည်။
ဇွန် ၁၊ ၂၀၂၁

Comments
Post a Comment